Wednesday, June 16, 2010

ရွာရိုးကိုးပေါက်အလွမ်း

သံယောဇဉ်အကူးအပြောင်းရာသီကမကောင်းဘူး
ပိတောက်ပန်းကခေါင်းမူးစရာကောင်းလောက်အောင်ကြွေတယ်
လက်ချောင်းတွေချိုးရေကြည့်တော့ ညနေလေးနာရီခွဲဖို့ မိနစ်သုံးဆယ်လိုသေးတယ်။
တောင၊်မြောက၊်ဟို..ဒီလွမ်းလိုက်ရတာ ငါ့မှာရင်ဘတ်တွေတောင်အောင့်လို့နေရဲ့
လမ်းဘေးလက်ဖက်ရည်ဆိုင်လေးထဲ တစ်ဝှက်တစ်ပျက်မိုးစက်တွေနဲ့
ငါတို့ကဗျာကြောင်း....စာအကြောင်း
အဲ့ဒီအပတ်ထုတ်သတင်းစာမှာ သခင်တင်မြအိမ်ထောင်ထပ်ပြုလိုက်တဲ့အကြောင်း
ရောင်းကောင်းခြင်းရောင်းမကောင်းခြင်းဟာ အနုပညာမဆန်ဘူးဆိုတဲ့စကားကိုအကြိုက်ဆုံးပဲ။
ယုံကြည်မှုနဲ့ကိုယ်တိုင်ကိုယ်ကျထုဆစ်မယ်၊ အချစ်ဆိုတာမခံစားတတ်တဲ့ဂီတအမျိုးစားတဲ့
ရှားရှားပါးပါးစကားလုံးတွေကိုအိပ်သွန်ဖာမှောက် ကျဲပက်လိုက်တဲ့
မိုးရေစက်ရဲ့အအေးမြမှုက ငါတို့ဆက်ဆံရေးကိုနွေးထွေးစေသတဲ့
သက်ပြင်းတစ်ချက်ကအသက်ကိုပါဆွဲငှင်သွားတော့မယ့်အတိုင်းပဲ
အခုတော့သတိရခြင်းတွေမိုးတိုးမတ်တတ်နဲ့ အနေထိုင်မတတ်တော့ဘူး
တစ်လမ်းသွားအတိုင်းမှောင်းနှင်လာတဲ့အမှန်တရားတွေ နားကြားလွဲသွားတော့
ငါရပ်စောင့်ရမယ့်နာရီဟာ ရီလေတီဗီတီသီအိုရီ(relativity theory)ကိုဗီဆန်တယ်
ကိုယ်တိုင်ကိုယ်ကျ ဘယ်အထိဆက်တိုက် ဘယ်လောက်ကြာနေဦးမှာလဲ
တွေးလို့မဆုံးခင်ပိတောက်ပန်းဟာ`ဟုန်း´ကနဲထပွင့်တယ်
သတိရခြင်းကတော့ရွာစဉ်လျှောက်လို့ တကောက်ကောက်မင်းနောက်ကလိုက်နေတုန်းပဲ။

No comments:

Post a Comment