Thursday, October 22, 2009

ဘယ်သူဘယ်ဝါ...သူသူငါငါ

ခဏခဏမေ့မေ့နေတာကြာပြီ
ဘယ်သူဘယ်ဝါရဲ့အမိန့်ပေးသံကိုမှမကြားဘူး
သူသူငါငါမှာယွင်းနေမှာကိုလည်း
နားလည်သူတစ်ချို့ရှိကောင်းရှိမယ်
မှားယွင်းမှုနဲ့အသားကျနေတာတော့ရှားမယ်လို့
ဘယ်သူဘယ်ဝါကမှလာမပြောစေချင်သေးဘူး
အဲ့ဒါကသူသူငါငါလိုချင်တဲ့ လွတ်လပ်ခြင်းမျိုးလား။
ဟုတ်ကောင်းဟုတ်မယ်။
သေခြာတာတွေရှိတယ်
ဦးခေါင်းထဲမှာ နှလုံးသားထဲမှာ
ပျူပျူငှာငှာပေးမယ် ဆိုရင်တောင်
ဘယ်သူဘယ်ဝါလိုချင်မတဲ့လဲ
သူသူငါငါ ခံစားနားလည်တတ်ဖို့တော့လိုဦးမယ်။
အနောက်ဘက်ခပ်ယွန်းယွန်းမှာ
ငါ့စိတ်လွတ်ထွက်မှုနဲ့ဆန့်ကျင်ဘက်အနောက်ခပ်ယွန်းယွန်းမှာ
ဘယ်သူဘယ်ဝါတွေနေထိုင်ကြသလဲ
ခင်ဗျားတစ်ယောက်တည်းလည်း
ဖြစ်ကောင်းဖြစ်နိုင်တယ်
ခင်ဗျားမပါပဲသတ္တလောကကြီးတစ်ခုလုံးလည်း
ဖြစ်ကောင်းဖြစ်နိုင်တယ်
ဒီလမ်းကြောင်းဟာသူသူငါငါအဝင်ထွက်လုပ်ဖို့တော့
ကျဉ်းမြှောင်းခက်ခဲ့မှာသေခြာပါတယ်။ ။

Saturday, October 17, 2009

အလွမ်းတွေကြွင်းတဲ့ပုစ္ဆာ

ချောင်းတစ်ဖက်ကမ်း
သင်္ချိုင်းမြေမို့မို့လေးမှာ
နင့်ဇတ်ကြောင်းတစ်ခုလုံးမြေချတဲ့နေက
မုဆိုးဖိုတစ်ယောက်နဲ့သူ့ အရန်တပ်သားတွေ
ဟီးချလို့ငိုကြတယ်။

လက်တစ်ဖက်ပြတ်ကာစလူလိုပါပဲ
နင်မရှိလည်း နင်ရှိတယ်
နင်မထိလည်း နင်ထိတယ်
ဖမ်းဆုပ်လို့မရတဲ့လွမ်းမောမှုတွေနဲ့
ငါ့အလွမ်းတွေ ရိုးတံရှည်ခဲ့။

နေ့သစ်ဟာ ဘယ်တော့လင်းပွင့်လာမှာလဲလို့
နင်နဲ့ငါပြိုင်တူတွက်ခဲ့တဲ့ ဂဏန်းပုစ္ဆာမှာ
အကြွင်းတွေများစွာကို နင်ထားရစ်တော့
သူတို့တွေသောက်သုံးဖို့ ငါ့လက်ညှိုးကနို့မထွက်တာ
ဘယ်နှစ်ကြိမ်ခေါက်ခေါက် တံခါးရွက်တွေပွင့်မလာတာနဲ့ပဲ
ဒုက္ခနဲ့လက်ဆက်ပြီးသား ဖြစ်မတဲ့လား။

မိုးခါးတွေမွန်နေအောင်ရွာလည်း
ငါ့ရင်ထဲမှာ နင်ဟာနင်ပဲ
သူတို့တွေရဲ့နှလုံးသားကိုလည်း ထိုးကန်းမပစ်ရက်ဘူး
အခုလည်းဘာရယ်မဟုတ်ဘူး
ကောင်းကင်ကိုမော့ကြည့်မိတိုင်း
နင့်ကိုလွမ်းတယ် ။ ။

Wednesday, October 14, 2009

အဝေးမျှော်ရှုခင်း

အဝေးမျှော်ရှုခင်းနားမှာ
စိတ်လွင့်မှုတွေအမြန်နှုံးမြင့်လာ
ခေါ်သံလား
စကားပြောသံလားဘာမှမကြား
သတိနဲ့အသိလည်းအိုးစားကွဲနေခဲ့။
နေ့နဲ့ညအရစ်ကျ
ဖြည့်တင်းရမယ့်ဝမ်းစာတွေနဲ့
တစ်နေ့ထက်တစ်နေ့
မိဝေးဖဝေး ဘယ်သူနေချင်မတဲ့လဲ
သူသူကိုယ်ကိုယ်
ကိုယ့်ရာသီခွင်ကို ကိုယ်တိုင်စိုးမိုးချင်ကြမယ်
်စာမျက်နှာပိုထူလာတဲ့လိုအပ်ခြင်းတွေနဲ့
ခံစားချက်တစ်ချို့ အဝေးရောအနီးပါမှုန်သွားခဲ့
သိမိတဲ့လိုက်တဲ့ အချိန်ပိုင်းမှာ မပြီးသေးဘူး
ရှေ့မှာလောကဓံ
ရေစီးကကြမ်းတယ်
ပက်လက်ဖြစ်ဖြစ်မှောက်ခုံဖြစ်ဖြစ်ထပ်မျှောရဦးမယ်။ ။

Friday, October 9, 2009

လေတိုးသံ

ဒီနေရာနဲ့ဟိုနေရာ
မင်းနေရာနဲ့ငါ့နေရာ
ဆံချည်မျှင်တစ်ချောင်းစာ
ဒါမှမဟုတ်ပင်လယ်တစ်ခုစာပဲ
ဒီခေတ်ထဲမှာဓားခုတ်လှံထိုး
ဘာသင်ရိုးမှတတ်ဖို့မလိုဘူး
လိုအပ်ရင်ဘောင်းဘီအိတ်ထဲ
လက်သီးတစ်လုံးကိုဝှက်ထားတတ်ဖို့ပဲ
တဲ့...
ငွေရှိရင်ကိုယ့်မစင်နဲ့ကိုယ်တောင်ဆေးဖို့မလိုတော့ဘူး
တဲ့...
ထင်မြင်ချက်ပေးတဲ့သူတွေကလည်းပေးကုန်ပြီ
ဒီလိုနဲ့
တစ်ချို့တစ်ချို့တွေကပိုပိုကျယ်လောင်လာပြီး
တစ်ချိုတစ်ချို့တွေကပိုပိုကျဉ်းမြောင်းလာရ
တစ်ချို့တစ်ချို့တွေဆိုရင်
ကောင်းကင်ကိုမျှော်ရင်း
မြေကြီးကိုပဲထုခွဲစားသောက်နေရ
ဒီလိုနဲ့
မျှော်လင့်ချက်ဟာရှုံ့တွပြာကျ
အနာဂါတ်ဟာ လှိုင်းတံပိုးထနေတယ်။

မြစ်ဇတ်ကြောင်း

အကွေ့အဝိုက်တွေနဲ့
သွယ်တန်းစီးဆင်းနေတဲ့သစ်ပင်
ငါဟာကောင်းကင်အောက်မှာပေါက်ရောက်တဲ့
မြစ်တစ်စင်းပါ။
အဲ့ဒီမြစ်မှာ“ငါး”တွေသီးတယ်။
ငါ့အကိုင်းအခက်တွေက
ရှည်မျောထိုးတက်
ကောင်းကင်ထက်ထိစီးဆင်းတယ်။
လူတွေ...လူတွေ...
အတ္တလိုအစွယ်ဖွေးဖွေးတွေနဲ့
လူတွေ...လူတွေ...
ငါ့ကိုယ်ပေါ်တက်
ဝမ်းစာအတွက်မို့တဲ့လေ
ခူးကြခြွေကြနဲ့ အားမနာတမ်းပါပဲ။
တစ်ရက်တစ်ရက်
ကုတ်သွေးစုတ်တဲ့လူတွေကိုမုန်းတယ်
တစ်ရက်တစ်ရက်
ငါ့အသွေးသားတွေကိုထိုင်သောက်တဲ့
ပင်လယ်ကိုမုန်းတယ်။ ။

Thursday, October 8, 2009

ငါ ...နင့်ကို

နင်မရှိတော့တဲ့မိုးရေထဲ
နင်ပြောသလိုနင့်ကိုမေ့ပစ်ဖို့ကြိုးစားတော့
ငါ့စိတ်တွေပြာရီအုံ့မှိုင်း
ပတ်ဝန်းကျင်တစ်ခုလုံးတခဏရပ်ဆိုင်းသွားတယ်။
နင့်ထုံးစံအတိုင်း ငါ့နှလုံးသားဟာ
(ဘယ်နှစ်နာရီ...ဘယ်နှစ်မိနှစ်မှာဆိုပြီး....)
ယတြာချေဖို့စွန့်ပစ်ခံလိုက်ရတဲ့
ခေါစာတစ်ခုလား။
ပွဲပြီးမီးသေပြကွက်ဆန်းတွေထဲမှာ
ငါကအမီမလိုက်နိုင်သူလား
ငါကပြာပုံထဲကဖီးနစ်ငှက်မဟုတ်လို့
ဒဏ်ရာထဲမှာ လူးလိမ့်လွမ်းနေရစ်ချင်သေးတယ်။
နာကြည်းမုန်းတီးချင်ပေမယ့်
ခွင့်လွတ်နေမိဆဲပဲ။
သေခြာပါတယ် ငါနင့်ကိုလေ
တော်တော်ကြာကြာလေးဆက်ချစ်နေဦးမယ်။ ။

Wednesday, October 7, 2009

ပေါင်းကူးတံတားတစ်ခုတည်ဆောက်ခြင်း

ကောက်ချက်အလွဲတွေ
အယူအဆအလွဲတွေထဲမှာ
ငါ့နာမည်ကို မသိမသာ
ဒါမှမဟုတ် သိသာသာ
ရေးထည့်မထားလိုက်ပါနဲ့ ။

တီတီတာတာစကားတွေကို
ပလီပလာပြောတတ်တဲ့
အရှုပ်ထုပ်လို့လည်းမသတ်မှတ်လိုက်ပါနဲ့ ။

မင်းမျက်ဝန်းတွေကိုမမြင်ဘူးပေမယ့်
မင်းရီသံကိုမကြားဖူးပေမယ့်
ကီးဘုတ်ပေါ်ကတစ်ဆင့်
နှလုံးသွေးကြောတွေကတစ်ဆင့်
စိတ်ကူးတွေချင်းအသံ မမြည်အောင်ထိခတ်ခဲ့ကြတာကို
မေ့ပစ်ဖို့မကြိုးစားလိုက်ပါနဲ့ ။

ဘာကြောင့်များရုတ်တရက်
လက်ပြနှုတ်ဆက်ခြင်းတောင်မပြုပဲ
တိတ်ဆိတ်နေလိုက်တာလဲ။

ကိုယ့်မာနနဲ့လို့ဆိုကြပေမယ့်
မင်းအပေါ်မာနတွေမထားစရက်ဖူး
ဘုရားစူး...
ငါတို့အတူပျော်ရွှင်ဖူးတဲ့
ရင်ချင်းဆက်သူငယ်ချင်းဘဝလေးကို
မင်းကိုယ်တိုင်ပြန်မွေးဖွားပေးစေချင်တာပါ။ ။

အဆုံးမှတ်

အလွမ်းရောင်ရင့်ရင့်နဲ့
ကြေကွဲပွင့်တွေအဆင့်ဆင့်
ဖူးပွင့်နေလိုက်ကြပုံများ
တစ်ကမ္ဘာလုံးဆိတ်သုဉ်းတော့မလို့ပါ။

စိတ်ကူးယဉ်လို့မဆုံးခင်
ငိုကြွေးစရာတွေပန်ဆင်ပေးခံရသူအဖို့
အနေထိုင်ခက်ခဲ့ရတာပါ။

ဒါပေမယ့်လေ...
ပိုးဖလံတစ်ကောင်ဖြစ်နေမှတော့
မီးပုံထဲဝင်တိုးဖို့မကြောက်ချင်တော့ဘူး
မီးလျံတွေကြားမှာတစ်ကိုယ်လုံးမီးတူး
အဲ့ဒီလို...
ကိုယ့်ကိုယ်ကိုယ်လည်းသင်္ဂြိုခဲ့ဖူးတယ်။

ငါပျိုးထားတဲ့ရင်ခွင်မှာ
သူမလျှောက်ဖို့ပါလမ်းတွေဖောက်ထားပါတယ်
သို့ပေမယ့်...
လျှောက်မယ့်သူမရှိတော့
မြက်ပင်တွေသာကုန်းရုန်းဖူးပွင့်
အလွမ်းဇတ်ကိုခင်ကျင်းပြနေလေတော့
ငါခြေဆုံးခေါင်းဆုံးကိုရူးခဲ့ရတယ်။

တစ်ကယ်ဆို...
နှလုံးသားတောင်ထိပ်မှာ
အလံဖြူတလူလူလွင့်ထူနေတာတောင်
အသိမှတ်ပြုမခံရသူတစ်ယောက်အတွက်
ကံကြမ္မာရယ်နင့်မျက်စိမှောက်လွန်းပါတယ် ။ ။

Tuesday, October 6, 2009

သက်မဲ့

ရိုးရာအလိုက်ကျစ်ကျစ်ပါအောင်စွဲမှတ်ထားတဲ့
တစ်ဖက်သတ်အချစ်တွေက
ဟိုတစ်စ...ဒီတစ်စ...
စုလိုက်တော့ခက်မလေးဖြာ
အုံ့ဆိုင်းရင့်မာလာပေမယ့်
ခုခံအားကျဆင်းစပြုနေတဲ့မျှော်လင့်ချက်တွေပေါ်
ထိုးကျလာတဲ့လောင်းရိပ်ကလည်း
နေလောင်ကွက်တွေလိုပဲ
အညိုအမွဲတွေစွဲထင်စေခဲ့
သူ့ရဲ့တုန့်ပြန်မှုတိုင်းဟာကိုယ့်အတွက်
အီဂျစ်ပြက္ခဒိန်တစ်ခုလို
ရင်ခုန်သံတွေဆယ်ရက်စာလောက်
နားကြားလွဲနေစေတယ်
တောင်းတပေမယ့်မရနိုင်တာတွေကို
စုပုံမီးရှို့လိုက်ရင်
တောက်ပတဲ့အနာဂါတ်တွေရနိုင်လိမ့်မယ်
ဆိုပေမယ့် ကိုယ်ဟာ
မှော်ဆရာတစ်ယောက်ရဲ့လက်မှာ
ဝိညာဉ်ချုပ်လိပ်ပြာနုတ်ခံလိုက်ရတယ်။ ။

ထရံပေါက်မှချောင်းကြည့်ခြင်း

ငါ့အာရုံငါးပါးမှာမင်းနဲ့ကင်းလွတ်ခွင့်မရှိတာဘာကြောင့်လဲ
ငါ့မျက်စိထဲမြင်သမျှဟာမင်းပုံရိပ်တွေ
ငါအသက်ရှူလိုက်တိုင်းတိုးဝင်လာတာမင်းရဲ့ကိုယ်သင်းနံ့တွေ
ငါ့နားထဲမှာကြားသမျှဟာမင်းရီသံတွေ
ငါစားသမျှအရာအားလုံးဟာမင်းရဲ့နီညိုရောင်နှုတ်ခမ်းတွေ
ငါထိတွေ့သမျှဟာမင်းလက်ချောင်းတွေချည်းဖြစ်နေတာဘာကြောင့်လဲ။
မင်းထရံကာထားတဲ့သူငယ်ချင်းသံယောဇဉ်တွေကိုခိုးဖောက်ပြီး
မင်းပုံရိပ်တွေကိုတမ်းမက်မှုအပြည့်နဲ့ရီဝေတိမ်းညွတ်ခဲ့ဖူး
သူငယ်ချင်းဆိုတဲ့မူဝါဒကိုရိုက်ချိုးအသွင်ပြောင်းချင်သူဟာငါဖြစ်ခဲ့ဖူး
တစ်ကယ်တော့...
သူငယ်ချင်းဆိုတာလည်း
သုံးဆယ့်နှစ်ကောဠာသနဲ့ပြုလုပ်ထားတဲ့ခန္ဓာကိုယ်ပဲ
နင့်ရဲ့အလှတရားတွေအုံ့သည်းလို့နေမှတော့
ငါ့ကိုကြိုက်တဲ့ခေါင်းစဉ်အောက်မှာထား
သူငယ်ချင်းဆိုတာကလွဲရင်ဘယ်စာမျက်နှာမှာဖြစ်ဖြစ်ငါနေမယ်။
အချစ်အတွက်ဗီလိန်ဆန်ရဲတယ်
အချစ်အတွက်စိတ္တဇဆန်ခဲ့တယ်
မင်းအတွက်ဆိုရင် ငါ့ဝိညာဉ်ကိုတောင်
ငါ....ပြန်လည်ချောင်းမြှောင်းသတ်ဖြတ်ရဲပါတယ်။ ။

ကျပ်မပြည့်သေးတဲ့အလွမ်း

အဝေးရောက်ရင်
တစ်ဆစ်ဆစ်လှိုက်စားနေတဲ့
တန်ဖိုးကြီးဝေဒနာတွေ
တိုးတက်ရာတိုးတက်ကြောင်း
သိမ်းသိုရှာမှီရင်း
လစဉ်တစ်ရစ်ရစ်မြင့်လာတဲ့အသိ
ရှေးပဝေသဏီကရာသီ
ဥတုသုံးပါးမှာ
အဖေရယ်...အမေရယ်...
အစ်ကိုရယ်...အစ်မရယ်...
ကျွန်တော်ရယ်...ညီမလေးရယ်...
အိမ်လေးမိုးမလုံပေမယ့်ပျော်တယ်။
လက်တွေ့မှာ
ဖွဲ့သီဆက်စပ်မှုအသစ်အသစ်တွေရဲ့
ရစ်ခြုံသိုင်းဖွဲ့မှု
ပြတ်ရွေ့ရွဲ့ချော်နေတဲ့မျှော်လင့်ချက်တွေနဲ့မို့
အလွမ်းတွေလည်းရွာရိုးကိုးပေါက်စေ့
ပြန်မရောက်နိုင်တော့။
ဓါးမဦးချရာအသိုက်မြုံလေးကို
ခါးထစ်ခွင်ချော့မြူပေးချင်တဲ့စိတ်ကူတွေလည်း
(အဝေးမှာ)အစောင်ရေလျှော့ရိုက်နေရဆဲ။ ။